အိမ်ယာမဲ့ မရှိ ဆင်းရဲပေမယ့် ကမ္ဘာ့အပျော်ရွှင်ဆုံးလူတွေနေထိုင်ရာ (သို့) ဘူတန်နိုင်ငံအကြောင်း

ဆင်းရဲပေမယ့် ကမ္ဘာ့အပျော်ရွှင်ဆုံးလူတွေနေထိုင်ရာ (သို့) ဘူတန်နိုင်ငံအကြောင်း

ဘူတန်နိုင်ငံကို ကမ္ဘာ့နံပါတ် ၁ လို့ဆိုလိုက်ရင် ဘယ်နေရာမှာ ၁ တာလဲ၊ အင်အားကြီးတဲ့နေရာမှာလား ၊ နည်းပညာမှာလား ၊ ချမ်းသာတဲ့နေရာမှာလား စသဖြင့်မေးမိကြမှာပါ။

တကယ်တော့ ဘူတန်နိုင်ငံ ကမ္ဘာ့နံပါတ် ၁စွဲတဲ့နေရာကတော့ ပျော်ရွှင်တဲ့နေရာမှာပါ။ ဟုတ်ပါတယ်။ ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက တိုင်းပြည်တစ်ပြည်ရဲ့စံနှုန်းကို GDP နဲ့ တိုင်းနေတဲ့အချိန်မှာ ဘူတန်နိုင်ငံကတော့ နိုင်ငံသားတွေရဲ့ပျော်ရွှင်မှုနဲ့ပဲ တိုင်းပါသတဲ့။

ပြည်သူပြည်သားတွေပျော်ရင်တိုးတက်တယ်လို့ သတ်မှတ်ထားပါသတဲ့။ အဲဒီတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘူတန်နိုင်ငံရဲ့အကြောင်းကိုလေ့လာကြည့်ရအောင် :)….

ဘူတန် လို့ခေါ်နေကြပေမယ့် သူ့ရဲ့တကယ့်နာမည်အမှန်က ဘူတန်ဘုရင့်နိုင်ငံ(Kingdom of Bhutan) ဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းအရှေ့နားက ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပါတယ်။

၁၇ရာစုတုန်းက ပဒေသရာဇ်နိုင်ငံငယ်လေးဖြစ်ခဲ့ပြီး တိဘက်မှာဘာသာရေးနှိပ်ကွပ်မှုတွေပြင်းထန်လာတဲ့အခါ လူများဟာ ထွက်ပြးတိမ်းရှောင်ခဲ့ကြပြီး ဘူတန်နိုင်ငံနေရာမှာ ဘူတန်လူမျိုးအဖြစ်နေထိုင်ခဲ့ကြပါတယ်။

၂၀ရာစုအစောပိုင်းမှာတော့ ဗြိတိသျှလက်အောက်ကိုကျရောက်ခဲ့ပြီး အဲဒီနောက်တော့ အိန္ဒိယရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပြန်ပါတယ်။ အကျယ်အဝန်း ၃၈၈၁၆စတုရန်းကီလိုမီတာသာကျယ်ဝန်းပြီး လူဦးရေ ၇သိန်းခန့်နေထိုင်ကြပါတယ်။

အများစုမှာ ဝဇီရာယာနဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ဟိန္ဒူဘာသာဝင်အနည်းငယ်ရှိပါတယ်။ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ၊ မွေးမြူရေး နဲ့ သစ်တောလုပ်ငန်းများဖြစ်ပါတယ်။ မြို့တော်မှာ သင်မ်ဖျူး(Thimphu)ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးစာရင်းမှာတော့ ဘူတန်နိုင်ငံရဲ့ ပျော်ရွှင်ခြင်းအဆင့်ကို ၅ လို့သာ သတ်မှတ်ထားပေမယ့် ဒါဟာအလွန်ချမ်းသာတဲ့ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။ မချမ်းသာပေမယ့် ပျော်ရွှင်တဲ့နိုင်ငံတွေထဲမှာတော့ ဘူတန်ဟာ နံပါတ် ၁ ဖြစ်ပါတယ်။

ဘူတန်နိုင်ငံကို ပျော်ရွှင်ခြင်းနိုင်ငံဖြစ်အာင် စွမ်းဆောင်နိုင်ခဲ့တဲ့သူကတော့ လက်ရှိဘူတန်ဘုရင်ရဲ့ဖခင် Jigme Singye Wangchuck ဖြစ်ပါတယ်။ မတိုးတက် မချမ်းသာပေမယ့် ဘာကြောင့် ဘူတန်ဟာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေရပါသလဲ။ အဓိက အချက်တွေကတော့-

ဘူတန်ဟာ သဘာဝတရားကို လတ်လတ်ဆတ်ဆတ်ထိတွေ့ခွင့်ရခြင်း ၊

မြို့ကြီးမြို့ငယ်လမ်းအသွယ်သွယ်မှာ တောင်းရမ်းစားသောက်သူများ မရှိခြင်း ၊

ဆေးသမားများ ၊ မိန်းမပျက်များ မရှိခြင်း ၊

ခမ်းနားကြီးကျယ်တဲ့ အိမ်များမရှိသလို ၊ စုတ်ပြတ် မိုးမလုံတဲ့အိမ်များ မရှိခြင်း၊

တိုင်းပြည်ကို အလွန်ချစ်တဲ့ဘုရင်ရှိခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

ဘူတန်ဟာ သဘာဝတရားကို အထိမ်းသိမ်းနိုင်ဆုံးတိုင်းပြည် ၊ သစ်တောမပြုန်းတီးဆုံးတိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၇၀ရာခိုင်နှုန်းကျော်ဟာ သစ်တောများဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကိုလည်း အကန့်အသတ်ဥပဒေနဲ့ ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးနီးပါးဟာ ဆေးလိပ်မသောက်ရတဲ့နေရာများဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အနေနဲ့ ပလတ်စတစ်တင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်မှုဖြစ်ပွားတာလည်း အလွန်နည်းတဲ့နိုင်ငံပါ။

ချမ်းသာတဲ့တိုင်းပြည်တွေနဲ့အပြိုင် လူတိုင်း ဆေးကုခွင့် ၊ ကျောင်းနေခွင့်ကို ရထားသလို ရေအားလျှပ်စစ်ကိုအသုံးချကာ တိုင်းပြည်ရဲ့ နေရာ ၇၀ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ပါတယ်။ နိုင်ငံခြားကိုထွက်ကာ ပညာသင်သူတွေရှိပြီး ထွက်သွားသူတိုင်းရဲ့ ၉၉ရာခိုင်နှုန်းဟာ တိုင်းပြည်ကိုပြန်လာကာ အလုပ်အကျွေးပြုကြပါတယ်။

အဓိကဥပဒေ တစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ သူတို့လူမျိုးနဲ့ ဘာသာကို စောင့်ထိမ်းတဲ့အနေနဲ့ သူတို့လူမျိုးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်ခွင့်မပြုတာပါ။

ဘုရင်ကစလို့ ပြည်သူပြည်သားအားလုံးဟာ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြပါတယ်။ ယောင်္ကျားတွေကတော့ gol လို့ခေါ်တဲ့ ဒူးထိရှည်လျားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီး မိန်းမတွေကတော့ Kira လို့ခေါ်တဲ့ ခြေမျက်စိအထိရှိတဲ့ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။

ဘူတန်ကို ရောက်တဲ့အခါ မည်သည့် လူကြီးကလေးတွေကို ဒီမှာနေရတာအဆင်ပြေလားလို့ မေးတဲ့အခါ ကျေနပ်တယ် ပျော်ရွှင်တယ် ဆိုတဲ့စကားကိုပဲ ကြားရမှာဖြစ်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူချစ်တဲ့ ဘုရင်ရှိတဲ့နိုင်ငံ ၊ ဘုရင်နဲ့တိုင်းပြည်ကိုချစ်တဲ့ ပြည်သူရှိတဲ့နိုင်ငံ ၊ သဘာဝတရားကြီးကို လုံးဝလွတ်လပ်စွာခံစားခွင့်ရတဲ့ နိုင်ငံဖြစ်တာကြောင့် ဘူတန်ဟာ ဆင်းရဲပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံ ဖြစ်တာ သိပ်မဆန်းပါဘူး။ ကျွန်တော်တို့နိုင်ငံကိုလည်း ဒိန်းမတ်တို့ နော်ဝေတို့လို ချမ်းသာမှု အေးချမ်းမှုတွေနဲ့ပြည့်စုံတဲ့ နိုင်ငံမဖြစ်ရင်တောင် ဘူတန်လို ပျော်ရွှင်ခြင်း နဲ့ ပြည့်တဲ့နိုင်ငံဖြစ်စေချင်ပါတယ်..:)

မူရင်း သုတဇုန်