မတ်လ (၁၆) ရက်နေ့ ကိုရီးယားတို့ရဲ့ သက်ပြင်းချသံနဲ့ အီတလီတို့ရဲ့ ညည်းတွားသံ …..

“မတ်လ (၁၆) ရက်နေ့ ကိုရီးယားတို့ရဲ့ သက်ပြင်ချသံနဲ့ အီတလီတို့ရဲ့ ညည်းတွားသံ”

ဒီနေ့တော့ တောင်ကိုရီးယားမှာ သေသူ မရှိ၊ လူနာအသစ် ၇၄ ယောက်ပဲ ထပ်တိုးလို့ တောင်ကိုးရီးယားတို့ သက်ပြင်းချနိုင်ပါပြီ..။

ဒီနေ့ တောင်ကိုရီးယားရဲ့ မတ်လ ၁၆ ရက် အခြေအနေ ဖြစ်ပါတယ်..။

ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ အတည်ပြုခံရသူ လူနာ စုစုပေါင်း – ၈၂၃၆ ယောက် (မတ်လ ၁၅ ရက် နဲ့ နှိုင်းယှဉ်ရင် ၇၄ ယောက် ပဲတိုးပါတယ်)

ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ သံသယရှိလို့ အစစ်ဆေးခံနေရတဲ့သူစုစုပေါင်း – ၁၄,၉၇၁ ယောက် (မတ်လ ၁၅ ရက် နဲ့ နှိုင်းယှဉ်ရင် ၁၃၀၁ ယောက်လျော့ပါတယ်)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ- ၇၅ ယောက် (ဒီနေ့ မရှိပါ)။ ကိုရိုနာဗိုင်းရပ်စ်ဝင်လို့ ဆေးရုံတက်ပြီး ပြန်ဆင်းလာနိုင်တဲ့ လူနာ – ၁၁၃၇ ယောက် ( မတ်လ ၁၅ ရက် နဲ့ နှိုင်းယှဉ်ရင် ၃၀၃ ယောက်တိုးပါတယ်)

တောင်ကိုးရီးယားတို့ သက်ပြင်းချနိုင်တဲ့ အချိန်မှာ အီတလီ တို့ရဲ့ ညည်းတွားသံတွေဟာ တစ်နေ့တခြား ပိုပြီး ကျယ်လောင်လာတယ်..။

ဒါဟာ တစ်ကမ္ဘာလုံးကို သတိပေးလိုက်တာပဲ..။ (သတိပြုရန်- အခုအချိန်မှာ လူအုပ်စုမဖွဲ့ကြပါနဲ့)

အီတလီက မြို့တစ်မြို့ရဲ့မြို့တော်ဝန်က ညည်းတွားတယ်..။ “ဆရာဝန်တွေက အသက်ကြီးသူတွေကို ဆေးမကုပေးဖို့ ကျုပ်ကို ဆုံးဖြတ်ခိုင်းတယ်..

ကျုပ်ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး..” တဲ့..။ လူတွေ အသက်ကယ်တဲ့ ဆရာဝန်တွေက ဘယ်သူကိုတော့ သေပါစေ.. ဘယ်သူ့တော့ ရှင်ပါစေ.. ဆိုပြီး စဉ်းစားရတဲ့အထိ အီတလီဟာ ဖျားနာခဲ့ပြီ..။

အီတလီနိုင်ငံက အခြားမြို့တွေမှာလည်း ကိုရိုနာ လူနာတွေကို ဆေးရုံတက်ဖို့နေရာ မပေးနိုင်လို့ အိမ်မှာပဲနေခိုင်းထားရတယ်..။

(၃) ပတ်မပြည့်ခင်မှာပဲ အီတလီမြောက်ပိုင်းတစ်ခွင်လုံးမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ပြည့်သွားတယ်..။ ချမ်းသာကြွယ်ဝတဲ့ အီတလီမြောက်ပိုင်းဟာ မျက်လုံးမဖွင့်နိုင်တော့..။ အခုတော့ အိပ်မက်ဆိုးကြီးထဲမှာ ညည်းတွားသံတွေနဲ့အတူ…။

“ဒါဟာစစ်ပွဲတစ်ခုပဲ…” မီလန်မြို့၊ နီဂွာဒါ ဆေးရုံကကူးစက်ရောဂါဆိုင်ရာ ဆရာဝန်ချုပ်ကြီး Massimo Puoti ကပြောတယ်..။

“ဗိုင်းရပ်စ်ရန်က ကိုယ့်ကိုယ်ကို ကာကွယ်ပြီး ကိုယ့်ကိုယ်ကို အားပေးကြပါ..” တဲ့… ကိုယ့်ကိုယ်ကို အားကိုးရုံကလွဲပြီး…။ ဒီအခြေအနေအထိ မရောက်စေဖို့အားလုံး သတိထားကြပါလို့..။

ဒီနေ့ တစ်ရက်တည်း အီတလီမှာ သေဆုံးသူ ၃၆၈ ယောက်မို့ စုစုပေါင်း ၁,၈၀၉ ယောက်၊ စပိန်နိုင်ငံမှာ ဒီနေ့ သေဆုံးတဲ့သူ ၉၇ ယောက်မို့ စုစုပေါင်း ၂၈၈ ယောက် ၊

ပြင်သစ်နိုင်ငံမှာ ဒီနေ့ သေဆုံးတဲ့သူ ၂၉ ယောက်မို့ စုစုပေါင်း ၁၂၀ယောက်၊ အီတလီရဲ့ ဖျားနာမှုဟာ မကြာခင် ဥရောပရောပတိုက်တစ်ခုလုံး ဖျားနာမှုဖြစ်လာနိုင်ပါတယ်..။

အီရန်မှာရော …? ဒီနေ့ ၁၁၃ ယောက်သေဆုံးတာမို့ စုစုပေါင်း ၇၄၃ ယောက်ရှိနေပြီ..။

တရုတ် နိုင်ငံမှာ ဒီနေ့ သေဆုံးတဲ့သူ ၁၀ ယောက် (အဲဒီ ၁၀ ယောက်လုံး ဝူဟန်ကပဲ)မို့ စုစုပေါင်း ၃၂၀၄ ယောက် ရှိပြီ..။ တစ်နေ့ကပဲ ဝူဟန် လူနာ သုည ( Patient ZERO) တွေ့ပြီလို့ South China Morning Post က ကြေညာခဲ့တယ်..။

အစိုးရရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ လူနာသုည COVID-19 ဗိုင်းရက်စ် ရခဲ့တာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကတဲ့….။ အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ပြောပါတယ်..။

လူနာသုည က အလွန်အရေးကြီးတဲ့သဲလွန်စမို့ ကာကွယ်ဆေးလည်း အနှေးနဲ့ အမြန် ဖော်ထုတ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်..။ ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်ကို အခုလောလောဆယ် ကိုယ့် အသိစ်တ်နဲ့ ကိုယ် ကာကွယ်ကြပါလို့…။

အခုအချိန်မှာ လူအုပ်စုမဖွဲ့ကြပါနဲ့… ကမ္ဘာကြီး ကျန်းမာပါစေ….

မရွှေမိုး (ကိုရီးယား)

Be the first to comment

Leave a Reply

Your email address will not be published.


*