ယာဉ် (၇)စီးပါ သစ်မှောင်ခိုယာဉ်တန်း ဖမ်းမိသော်လည်း တရားခံအားလုံး ထွက်ပြေးသွား

ယာဉ် (၇)စီးပါ သစ်မှောင်ခိုယာဉ်တန်း ဖမ်းမိ၍ ထွက်မပြေးရန် သေနတ်ပစ်ဖောက်ခဲ့သော်လည်း ယာဉ်တစ်စီးဖြင့် တရားခံအားလုံးထွက်ပြေးသွား…

ကနီ၊ အောက်တိုဘာ ၈ – ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာ-ယာကြီး-ကလေးဝကားလမ်း တွင် ယာဉ် ၇ စီးပါ သစ်မှောင်ခိုယာဉ်တန်း ဖမ်းဆီးရမိခဲ့၍ ထွက်မပြေးသွားစေရန် သေနတ်ပစ်ဖောက်ခြောက်လှန့်ဟန့်တားခဲ့သော်လည်း သစ်မှောင်ခိုယာဉ်တစ်စီးနှင့် တရားခံများအားလုံး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်သည် အောက်တိုဘာ ၆ ရက်နေ့က မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၅၄)၊ ဒေသအခေါ် ကျောက်တောင်ကွေ့လမ်းဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရှိရသည်

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ အုပ်ချုပ်ရေးမှူးဦးဆောင်သော ဥယျာဉ် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်းအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ယူမှုကို စောင့်ကြည့်နိုင်သည့် Cellular Trailcam တပ်ဆင်ထားမှု အခြေအနေအား ပိုမိုကောင်းမွန်သော နေရာသို့ ပြောင်းရွှေ့တပ်ဆင်နိုင်ရေး နေရာရွေးချယ်ရန်သွားရောက်စဉ် မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၅၄)၊ ဒေသအခေါ် ကျောက်တောင်ကွေ့လမ်းဘေးအရောက်တွင် အဆိုပါ သစ်မှောင်ခိုယာဉ်များကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

လမ်းဘေးတွင် ရပ်တန့်ထားသော အဆိုပါ ယာဉ် (၇) စီးတွေ့ရှိရသဖြင့် စစ်ဆေး ဆောင်ရွက်စဉ် မော်တော်ယာဉ်(၁)စီးမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သစ်တောဦးစီးဌာနကဆိုသည်။

ယင်းအတွက် ကျန်မော်တော်ယာဉ်(၆)စီးနှင့် လူများအားထွက်ပြေးနိုင်မှုမရှိစေရန် သေနတ်ပစ်ဖောက်ခြောက်လှန့်ဟန့်တားသော်လည်း လူအားလုံး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သစ်တောဦးစီးဌာနက ဆိုသည်။

ယင်းအတွက် ကျန်ရှိခဲ့သော မော်တော်ယာဉ်များကို စစ်ဆေးကြည့်ရာ တရားမဝင်ပိတောက်ခွဲသား စုစုပေါင်း(၅၀)ချောင်း (၆.၀၅၀၈) တန်အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် တရားမဝင်ပိတောက်ခွဲသားများအား ကနီမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး မော်တော်ယာဉ် (၆) စီးကို ကနီမြို့မရဲစခန်းသို့ အပ်နှံခဲ့ကာ တရာခံများဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနက ဆိုထားသည်။

သတင်းတမန်