ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးကိုသတ်ပြီး ဆိုင်ကယ်လုယူသွားသူ ဆိုတာ….😮

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးကိုသတ်ပြီး ဆိုင်ကယ်လုယူ သွားသည်ဟု သံသယရှိသည့် တပ်ကြပ်ကြီးအဆင့်ရှိ တပ်ပြေးတစ်ဦးဖြစ်သူ ဈာန်မင်းထက်အား ဖမ်းဆီးရမိထားပြီး သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်

။ဖြစ်စဉ်မှာ ကလေးတက္ကသိုလ်တွင် တက်ရောက်နေသည့် မအေးချမ်းမွန်(ခ) ချမ်းမွန်(၁၈)နှစ် သတ္တဗေဒ(ပထမနှစ်)သည် စက်တင်ဘာ ၂၅ ရက် တက္ကသိုလ်စာမေးပွဲနောက်ဆုံးနေ့က စာမေးပွဲ ဖြေဆိုပြီး လျှောက်လည်နေရာမှ ၎င်းပိုင် Scoppy အမျိုးအစားမော်တော်ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေ ခြင်းဖြစ်သည်။

အခင်းဖြစ်နေ့က ည ၇ နာရီခန့်တွင် မအေးချမ်းမွန်(ခ) ချမ်းမွန်မှာ နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိသဖြင့် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် အုပ်ထိန်းသူမိဘများက ရဲစခန်းသို့ သွားရောက်သတင်းပေးတိုင်တန်းခဲ့ကြောင်းသိရသည်။

မအေးချမ်းမွန်(ခ)ချမ်းမွန်၏ ဆိုင်ကယ်ကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့သည့် ဈာန်မင်းထက်(၂၁) နှစ်ဆိုသူကို မန္တလေးမြို့ အမှတ်(၃) ရဲစခန်းတွင် ဖမ်းဆီးထားပြီး ၎င်းမှာ ခမရ-၃၆၄ (မော်လိုက်)မှ တပ်ပြေးတစ်ဦးဖြစ်သဖြင့် သက်ဆိုင်ရာသို့ လွှဲပြောင်းကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မနေ့က မန္တလေးက ပြန်လာခဲ့တယ်။ မန္တလေးအမှတ်(၃)ရဲစခန်းမှာပေါ့၊ တရားခံကိုတော့ မတွေ့ခဲ့ရဘူး။သူက တပ်ပြေးဆိုတော့ လေးနာရီထက် ပိုချုပ်ထားလို့မရဘူးလို့ပြောတယ်၊ လူသတ်၊ မြစ်ထဲတွန်းချပြီး ဆိုင်ကယ်ကိုယူခဲ့တာလို့ တရားခံက ထွက်ဆိုတယ်။

ဆိုင်ကယ်ကိုရောင်းတာ ကျပ် ၁၁ သိန်းခွဲတောင်ရတယ်တဲ့။ တပ်က ဗိုလ်မှူးကတော့ အမှုမှန်ပေါ်အောင်စစ်မယ်လို့ ပြောတယ်”ဟု မအေးချမ်းမွန်(ခ) ချမ်းမွန်၏ ဖခင်ဖြစ်သေ ဦးမောင်မောင်က အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင်စံတော်ချိန်သို့ ပြောဆိုသည်။

မအေးချမ်းမွန်(ခ) ချမ်းမွန် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ကလေးမြို့မရဲစခန်းက လူပျောက်အမှတ်စဉ် (၂၂/၂၀၁၉)ဖြင့် ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

“သူကခွင့်မဲ့ ပျက်ကွက်ဖြစ်နေတဲ့ စစ်သည်တစ်ဦးဆိုတော့ စစ်ပြေးနဲ့ ဖမ်းထားတာပေါ့။ ကျွန်တော်တို့ကတရားခံကို မစစ်ရဘူး။ သူတို့ စစ်ထားတာကို အကြမ်းဖျင်းဖတ်ခဲ့ရတာပေါ့။

ပျောက်ဆုံးနေသူရဲ့ အလောင်းကိုမတွေ့ရသေးတော့ ကျွန်တော်တို့က အတည်ပြုလို့ မရသေးဘူး။ အလောင်းပြန်တွေ့ဖို့အတွက်လည်း မြစ်ကြောင်းက အဖွဲ့တွေနဲ့ ချိတ်ဆက်ထားပါတယ်။

ကလေးမလေးရဲ့ဆိုင်ကယ်ပျောက်နေတာက မှန်တယ်။ဆိုင်ကယ်ကို တရားခံက အွန်လိုင်းကနေ ရောင်းထားတာပေါ့၊မန္တလေးဆိုင်ကယ်ရောင်းဝယ်ရေး ဂရု(ပ်)ထဲက Facebookအကောင့်ပိုင်ရှင်ရဲ့အမည်ကို ရထားတယ်။

MC Kyaw gyi ဆိုတဲ့သူက လာဝယ်သွားတယ်လို့သိရတယ်။ MC Kyaw gyi ဆိုတာလည်း သူ့ဖုန်းထဲမှာပဲ ရှိမှာ။ သူ့ဖုန်းကိုကြည့်လို့မရတော့ ကျွန်တော်တို့ လက်ထဲဖုန်းမရှိတော့ ရှေ့ဆက်စုံစမ်းဖို့ ခက်ခဲနေတာပေါ့”ဟု အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ကလေးမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးက စံတော်ချိန်သို့ ပြောဆိုသည်။“ပြစ်မှုကျူးလွန်သူက အရင်ကလည်း ဆိုင်ကယ်တွေ လိုက်လံခိုးယူပြီး ရောင်းစားနေသူဖြစ်တယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အဖမ်းခံရ၊ ထောင်က ပြန်လွတ်လာ၊ အဲဒီလိုဖြစ်နေတဲ့သူပါ။ စစ်တပ်မှာ တပ်ကြပ်ကြီး-စာရေး၊ တပ်ကနေ ထွက်ပြေးပြီး တပ်ပြေးဖြစ်နေတဲ့သူပါ။

တက္ကသိုလ်စာမေးပွဲနောက်ဆုံးနေ့မှာ စာမေးပွဲပြီးလို့ လျှောက်လည်နေတဲ့ အေးချမ်းမွန်နဲ့တွေ့တော့ ဆိုင်ကယ်ငှားတာပါတဲ့။ မပေးတော့ လည်ပင်းညှစ်သတ်ပြီး အလောင်းကို မြစ်သာ မြစ်ထဲ ပစ်ချ၊ ဆိုင်ကယ်ယူသွားတယ်။

သူ့ကောင်မလေးနဲ့ ပုဂံမှာဘုရားဖူးအပြန်မှာ မူးယစ်ဆေးသုံးဖို့ လုပ်ရင်းမန္တလေးရဲက ဖမ်းမိပြီး စစ်မေးရာက အမှုပေါ်ပေါက်လာတာပါ”ဟု လူမှုကွန်ရက်တွင် ကလေးမြို့ခံများက ရေးသားဖော်ပြခဲ့ကြသည်။

သတင်း – နိုင်ဝင်းစိုး