သူငယ်တန်းပဲ ရှိပေမယ့် ကိုယ့်အားကိုယ်ကိုးတဲ့ သားသားလေး (အရမ်းချီးကျူးဖို့ ကောင်းပါတယ်)

ကျွန်တော်တို့ နိုင်ငံရဲ့ မိဘအတော်များများဟာ သားသမီးကို အရမ်းချစ်ကြပါတယ်။ ချစ်တာနဲ့အတူ သားသမီးကို ဘာမှ ခိုင်းလေ့ မရှိကြပါဘူး။ အဖိုးတွေ အဖွားတွေ၊ ဦးလေတွေ အဒေါ်တွေနဲ့ အတူ ကြီးပြင်းလာတဲ့ ကလေးတွေဆို ပိုသိသာပါတယ်။

ကလေးကို တခြား အလုပ်ခိုင်းဖို့ မပြောနဲ့ ကလေး မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကိုပါ သူတို့က ဝိုင်းလုပ်ပေးကြတာပါ။

ထမင်းစားရင်လည်း ခွံ့ကျွေးတဲ့အပြင် ကလေးလျှောက်ပြေးတဲ့နောက် ထမင်းပန်းကန်ကိုင်ပြီး ကျွေးလေ့ ရှိပါတယ်။ အင်္ကျီဝတ်တာက အစ အားလုံးပဲ မိဘ အဘိုးအဘွားတွေက လုပ်ပေးကြပါတယ်။

အဲဒီကလေးတွေ အသက်ကြီးလာတော့ အလုပ်ကို တာဝန်ယူလေ့ မရှိတဲ့သူ၊ စကားမပြောရဲတဲ့သူ၊ လူတော မတိုးတဲ့သူ၊ သူတပါးကို မှီခိုတတ်တဲ့သူမျိုးတွေ ဖြစ်ကုန်ကြပါတယ်။

အဲဒီလို မိဘအလိုလိုက်တဲ့ ကလေးတွေ တဖြည်းဖြည်းများပြားလာတဲ့ ဒီလိုခေတ်ကြီးထဲမှာ ကိုယ့်အားကိုယ်ကိုးတတ်ပြီး အရမ်းချီးကျူးဖို့ ကောင်းတဲ့ ကလေးလေး တယောက်အကြောင်းကို ဖော်ပြချင်ပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြထားပါတယ်-

“နေ့တိုင်းထမင်းစား ဆင်းချိန်မှာ ကိုယ့်အတန်းရှေ့ သစ်ပင်ရိပ်အောက်မှာ ထမင်းလာစားတတ်တဲ့ Kg သားသားလေး အခြားသောမိဘတွေ သူတို့ကလေးကို လာကျွေး ကြတာ တွေ့ပေမယ့် သူကတော့ကိုယ့်အား ကိုယ်ကိုးနေတတ်ပြီ သားဘယ်အတန်းကလဲ မေးတော့ Kg ပါတဲ့ ဘာဟင်းလဲသားသားဆိုတော့ကြက်ဥကြော်ပါ တဲ့ ချိုင့်လေးချပြီး မုန့်တွေထိုင်စားနေလို့ သားသားရေ ထမင်းအရင်စားရတယ် ပြီးမှမုန့်စားနော် ဆိုတော့ ဟုတ်ကဲ့တဲ့ ကျမအလွန်သဘောကျ မိတယ် ဒါမှကလေးဟာ ကိုယ့်အားကိုယ်ကိုး တဲ့စိတ်ဓါတ် ထက်မြက်ရဲရင့်တဲ့ စိတ်ဓါတ်တွေရင့်သန် လာမှာပါ သိပ်ချစ်စရာကောင်းတဲ့ သားသားလေး”

“ဒီကလေးလေးရဲ့ မိဘတွေကိုကျနော်လေးစားတယ် ၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ့်ကလေးကိုလိုက်မကြည့်နိုင်ပဲ ထမင်းချိုင့်တစ်လုံးနဲ့ ကျောင်းလွှတ်လိုက်တဲ့ သတ္တိကိုလည်း ချီးကျုးတယ် ၊ ဒီနေရာမှာ ငါ့သားလေး သူစိမ်းတွေကြားမှာ မျက်နှာငယ်မှာစိုးလို့ဆိုတဲ့ တလွဲအတွေးတွေ ၀င်နေရင် ဒီကလေးရင့်ကျက်မလာတော့ဘူး ၊ လူတောမတိုးရဲတော့ဘူး ၊ KG တန်းမှာ နှစ်ဆင့်ချိုင့်ကို ကိုယ့်ဘာသာကိုဖွင့်ပြီး စားတတ်နေပြီဆိုတာ သူအတွက် ကြီးမားသောအောင်မြင်မှုပါ…

ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပေါ်မှာ မူမတည်ဘူး၊ ကြုံလာတဲ့ လောကဓံနဲ့ပဲသက်ဆိုင်ပါတယ်။”

Daw Thin Thin Lai, Pyae Phyo Lin