ဆရာဝန်၊ ထောင်ထွက်နိုင်ငံရေးသမား၊ ထီသည်၊ ပူဖောင်းသည် မှသည် ဝန်ကြီးချုပ်ဖြစ်လာသူ

ဆရာဝန်၊ ထာင်ထွက်နိုင်ငံရေးသမား၊ ထီလက်မှတ်ရောင်းသူ၊ ပူဖောင်းသည်မှသည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အထိ ဖြစ်လာခဲ့သူ”ဒေါက်တာမြင့်နိုင် ”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကြောင့် နိုင်ငံရေးအသိနိုးကြားခဲ့ရတဲ့ ဒေါက်တာမြင့်နိုင်ဟာ လိုချင်တဲ့ခေါင်းဆောင်တွေ့ပြီဆိုတဲ့ ခံယူချက်နဲ့ ဆေးထိုးအပ်နှင့်နားကြပ်ကိုပစ်ချခါ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သူပါ။

၁၉၉၀ရွေးကောက်ပွဲမှာ ကန့်ဘလူမြို့ နယ်က ရွေးချယ်ခံခဲ့ရတဲ့ ဒေါက်တာမြင့်နိုင်ဟာ စင်ပြိုင်အစိုးရဖွဲ့စည်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်(၂၅)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ရွှေဘိုထောင်၊ စစ်ထောက်လှမ်းရေးတွေရဲ့ ငရဲခန်းဖြစ်တဲ့ ရေကြည်အိုင်နှင့် အင်းစိန်ထောင်တို့မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။

ထောင်တွင်းတိုက်ပွဲတွေဆင်နွဲ၊ ဘဝတူနိုင်ငံရေးသမားတွေကို ကာကွယ်ခဲ့လို့ ထပ်တိုးထောင်ဒဏ်(၅)နှစ်နဲ့ စစ်ခွေးတိုက် အပို့ခံခဲ့ရပါတယ်။ (၁၅)နှစ်ကျော် ထောင်ဝင်စာမရှိပဲ (၂၅)နှစ်နီးပါး ထောင်တွင်းဒဏ်ရာတွေရခဲ့တဲ့ ဒေါက်တာမြင့်နိုင်ဟာ ၂၀၀၄ဖေဖော်ဝါရီလ ပြန်လွတ်လာချိန်မှာတော့ အိမ်ထောင်ပြိုကွဲခဲ့ရပါတယ်။

ဒုတိယအိမ်ထောင်နဲ့ ထီလက်မှတ်ရောင်းပြီး အသက်မွေးခဲ့သော်လည်း ထောင်ထွက် နိုင်ငံရေးသမားဆီက ထီလက်မှတ်ကိုဝယ်ဖို့ စစ်ထောက်လှမ်းရေးတွေရဲ့ မျက်စိအောက် အကြောက်ပိုခဲ့ရတဲ့ခေတ်မှာ ဆရာဝန်လက်မှတ် အသိမ်းခံထားရတဲ့ ဒေါက်တာမြင့်နိုင်ဟာ ကလေးအထူးကုဆေးရုံရှေ့မှာ ပူဖောင်းရောင်းသူ ဖြစ်လာခဲ့ပြန်ပါတယ်။

ထောင်တွင်းရခဲ့တဲ့ဒဏ်ရာတွေနဲ့ တစ်ကိုယ်လုံးဖောရောင်လာပြီး နှလုံးအဆို့ရှင်ပိတ်ခဲ့လို့ ၂၀၁၄ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့ခဲ့တဲ့ ငွေကျပ်သိန်း(၇၀)နဲ့ ခွဲစိတ်ကုသခဲ့ပါတယ်။ သမိုင်းထဲမှာ နစ်မနေပဲ ပညာတတ်လူငယ်နိုင်ငံရေးသမားတွေကို မွေးထုတ်ပြီး တာဝန်တွေကို လွှဲပြောင်းပေးချင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Aung Hein Soe