(၅)မိနစ်အတွင်းမှာပဲ ငှက်သိုက်ဘူး (၈)သောင်း ကုန်အောင်ရောင်းပြခဲ့တဲ့ တရုတ်မလေး

တရုတ်နိုင်ငံက ဆယ်လီမလေး Lieer ကတော့ မလေးရှားနိုင်ငံထုတ် ငှက်သိုက်ဘူး (၈)သောင်းကို အချိန်ငါးမိနစ်အတွင်းမှာပဲ ကုန်အောင် ရောင်းထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သူမကို တရုတ်လို 烈儿宝贝 လို့လည်း ခေါ်ကြပါတယ်။

သူမမှာ Follower (၂.၅)သန်းကျော် ရှိပြီး၊ သူမရဲ့ ဈေးရောင်းစကေးကို မိနစ်ပိုင်းလေးအတွင်း ပြသလိုက်တာ အားလုံး လက်ဖျားခါစရာ ဖြစ်စေခဲ့ပါတယ်။

Lieer ဟာ Taobao ကနေ Livestream ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ ရှန်ဟိုင်းမြို့မှာကျင်းပတဲ့ Malaysia Week 2019 ကမ်ပိန်းမှာ မလေးရှားထုတ် ငှက်သိုက်တွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Malaysia Week 2019 မှာ မလေးရှားထုတ် ထုတ်ကုန် (၈၀၀)ကျော် ပါဝင်ပြသခဲ့ကြောင်း သိရပြီး၊ Lieer ကိုယ်တိုင်လည်း ဈေးရောင်းသူအဖြစ် ပါဝင်ခဲ့ပါတယ်။

အဲဒီကမ်ပိန်းပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က မလေးရှားထုတ်ကုန်တွေကို တရုတ်နိုင်ငံသာမက၊ တစ်ကမ္ဘာလုံးကပါ သုံးစွဲလာစေဖို့ ကြိုးပမ်းခြင်း ဖြစ်ပါတယ်။

ရောင်းချတဲ့ထုတ်ကုန်တွေထဲမှာ အသင့်သောက်ကော်ဖီတွေ၊ ဒေသထုတ် သွားရည်စာတွေ၊ ဒူးရင်းသီးအခြေခံစားသောက်ကုန်တွေ ပါဝင်ပါတယ်။

တစ်ခြား တရုတ် influencer တွေလည်း ဒီကမ်ပိန်းမှာ ဈေးရောင်းခဲ့ပါတယ်။ Viya 薇娅 ကတော့ (၃)စက္ကန့်အတွင်းမှာ Teh Tarik ထုတ်ကုန် (၃,၀၀၀)၊ ဝေဖာဘီစကစ် (၃၀,၀၀၀) ၊ ဒူးရင်းသီး Pie (၂)သောင်း ရောင်းချနိုင်ခဲ့ပါသတဲ့။ Cherie 雪梨 ကတော့ ဆယ်မိနစ်အတွင်းမှာ မလေးရှားငှက်သိုက် ယွမ် (၄,၂၄၆,၈၈၀)ဖိုးအထိ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

လင်းဇော်ကို