ရှေ့နေကြီး ဦးကြီးမြင့် ပြောတဲ့ အမှု စစစ်ကတည်းက လွဲနေသည့် ဗစ်တိုးရီးယားအမှုအကြောင်း

ဗစ်တိုးရီးယားအမှုပေါ် တရားဥပဒေစိုးမိုးရေးအတွက် အခကြေးငွေ မယူဘဲ လိုက်ပါဆောင်ရွက်သည့် ရှေ့နေများကိုတရားစွဲခြင်းက ဥပဒေကို တလွဲသုံးနေခြင်းဖြစ်ကြောင်း၊ အမှုစစ်တာ အစကတည်းကလွဲနေတာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အောက်ပါအတိုင်း သုံးသပ်ပြောဆိုသည်။

“ဒီအမှုက အစကတည်းက တလွဲကြီးတည်ဆောက်ထားတာ။ အမှု စစ်က အစကတည်းက ဗစ်တိုးရီးယားကလေးက ထုတ်ပြောထားတဲ့ အတိုင်း ပါဝင်သူတွေကို ဖမ်းဆီးစစ်ဆေးတာတို့၊ ဗစ်တိုးရီးယားကို လူတန်းစီပြပြီးတော့ ဒီအမှုက ခုနစ်ရက်အတွင်းမှာ အပြီးသတ်နိုင်တယ်။ အဲဒါကို အမှုစစ်က တလွဲကြီးလုပ် ထားတယ်။

အဲဒါကို ဥပဒေကလည်း အမှုစစ်တင်ပြတဲ့အတိုင်းပဲ လိုက်ထောက်ခံပြီးတော့ တရားစွဲထားတယ်။ ဒါက အစကတည်းကလွဲနေတော့ ပြည်သူတစ်ရပ်လုံးကလည်း တရားခံအစစ်ပေါ်ပေါက်ရေးဆန္ဒပြတယ်။

ရှေ့နေတွေကလည်း ဒီကိစ္စကို စေတနာ့ဝန်ထမ်း အဖြစ် ဝိုင်းကူညီကြတယ်။ အဲဒီရှေ့နေတွေအပေါ်မှာ တရားစွဲတာမဖြစ်သင့်ဘူး။

အဖြစ် မှန်အတိုင်းပဲ ရင်ဆိုင်သင့်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တရားဥပဒေစိုးမိုးရေးကို ကူညီတဲ့ သူတွေကို ပြန်ရန်ပြုနေတာဟာ ဥပဒေကို တလွဲသုံးနေတယ်လို့ ယူဆတယ်”ဟု ၎င်းက သုံးသပ်ခဲ့သည်။

အမှန်တရားပေါ်ပေါက်ရေး

ပြည်သူတစ်ရပ်လုံးက တရားခံအစစ်အမှန်ပေါ်ပေါက်ရေးလိုလားသည့် ဗစ်တိုးရီးယား အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများသည် အမှန်တရားပေါ်ပေါက်ရေး၊ တရား ဥပဒေစိုးမိုးရေးကို ကူညီစောင့်ရှောက်သည့်အနေဖြင့် အခကြေးငွေမယူဘဲ ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခုအနေက အဖြူအမည်း မသဲကွဲသေးဘူး။ ဒီအချိန်မှာ ကာယကံရှင်အရပ်သား တွေပင်မကဘဲ ရှေ့နေတွေလည်းအမှုမှာ ပါဝင်ပတ်သက်ရပြီ။ ဒါက ဘာတွေဖြစ်နေလဲ ၂၀၁၉ ခုနှစ် ကလေးသူငယ်ဥပဒေ၊ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအဲဒါတွေကို သေချာ လေ့လာပြီးမှ ဒါတွေကို ပြောရမယ့်အနေအထားကို ရောက်နေပြီ။ အဲဒီတော့ အခုအနေ အထားမှာ ကြောက်ပါတယ်။ ဘာမှမပြောဝံ့ပါဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်ကလည်း ပြောဆိုသည်။

တရားစွဲဆိုထား

ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူ ကိုအောင်ကြီး ၏ရှေ့နေ ဒေါ်စုဒါလီအောင်၊ ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေး၊ အဒေါ်နှင့် ဒေါက်တာ ဝင်းကိုကိုသိန်း၊ ရှေ့နေဦးခင်မောင်ဇော်နှင့် ရှေ့နေ ဒေါ်ရွက်နုအောင်တို့ကို WisdomHill မူကြို ကျောင်းအုပ်ချုပ်ရေးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) ဖြင့် တရားစွဲဆိုထားသည်။