ဗစ်တိုးရီးယားလေးအမှုတွင် တွေ့ရှိရသည့် သမီးလေး အပေါ် မတရားတဲ့ လူ (၃) မျိုး

ငယ်ငယ်တုန်းက သိပ်ကြိုက်လို့ အလွတ်ကျက်ထားတဲ့ ဦးပုည စာတပုဒ် ရှိတယ်…

‘ထောက်ပံ့ပါ၊ ပြုစုပါ၊ ကယ်မပါ၊ ကိုယ်ချမ်းသာကြောင်း၊ ငတ်ငေါင်းစုတ်ပဲ့၊ နုံနဲ့သော စကားများကို၊ ယောင်မှားလို့ ဆိုမိရင်၊ လျာတိုအောင် ရိတ်ချင်ရဲ့’…တဲ့

ကိုယ်သက်သာရာရစေဖို့ သူများကို မျက်နှာအောက်ချပြီး တောင်းပန်တိုးလျှိုးရတဲ့ စကားတွေ ယောင်ပြီး ပြောမိရင်တောင် ကိုယ့်လျာကိုယ် တိုအောင် ရိတ်ပစ်လိုက်မတဲ့။ ကိုယ်က အဲသလိုပဲ နေလာတာ။ အစိုးရ ၀န်ထမ်း လုပ်သက်အတွင်း ဘယ်လူကြီးကိုမှ ကိုယ့်ရာထူးတိုးရေး၊ ကိုယ်နေတာ ထိုင်တာ သက်သာရာရရေးအတွက် သီတင်းကျွတ်၊ နှစ်သစ် မကန်တော့ဘူးခဲ့ဘူး။

ဒါပေမယ့် သမီးလေး ဗစ်တိုးရီးယား အမှုမှာတော့ ကလေး အဖေကို ခေါ်ပြီး အကူအညီ ရနိုင်တဲ့နေရာမှန်သမျှ သွားခဲ့တယ်၊ ရောက်ခဲ့တယ်။ လိုအပ်ရင် လက်အုပ်လေးပါ ချီပြီး ကူညီပေးပါဦးပြောခဲ့တယ်။ ခေါင်းလေး ကို အကြိမ်ကြိမ် ညွှတ်ပြီး ကျေးဇူးစကားတွေ ထပ်ခါ ထပ်ခါ ဆိုခဲ့တယ်။ လုပ်ပါတယ်။ ကြုံခဲ့သူတွေ သိကြမှာပါ။ ကူသူတွေ ကူခဲ့ကြသလို ကူဆဲကူမြဲလူတွေ လည်း ရှိပါတယ်။ ကျေးဇူးတွေလည်း တကယ် တင်ခဲ့ရပါတယ်။

ကိုယ့်အတွက် မဟုတ်ပါဘူး။ ဒီ သုံးနှစ်တောင် မပြည့်သေးတဲ့ သမီးလေးအတွက် မတရားလွန်းလို့ပါ။ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။ ဒီကလေး မတော်မတရား ဖြစ်ခဲ့တာ မဟုတ်လို့လား။ မဟုတ်ဘူး ထင်လို့လား။

ကိုယ်လုပ်နေတဲ့ လုပ်ရပ်ကို ဘာအရောင်မှ မစွန်းထင်းစေချင်လို့ ရေးနေကျ နိုင်ငံရေး ပို့စ်တွေကို zero အထိလျော့ချခဲ့ပါတယ်။ စွာစွာလန်နေတဲ့ စိတ်ကို အောက်ဆုံးအထိ မာနကို ဖယ်ခွာခဲ့ပါတယ်။ ကိုယ် တောင်းဆိုနေတာလည်း မတော်မတရား လုပ်ပေးဖို့ မဟုတ်ပါဘူး။ အမှန်အတိုင်းပဲ ဖြစ်ပါစေလို့ပါ…

ကိုယ်မျက်ရည်ချူတတ်ပါတယ်။ ဒါပေမယ့် အမှန်တရားကလွဲပြီး သီးသန့် မျက်ရည် မချူတာကြာပါပြီ။ အကဲပို ပြောခဲ့တာလည်း မဟုတ်ပါ။ ဒါပေမယ့် လောကကြီးက မတရားလွန်းလို့ ဒီတခါတော့ မျက်ရည်လည်း ၀ဲရပါတယ်။ မျက်ရည်ချူလည်း မချူချင်တော့ပါဘူး။ ကိုယ့်ဘာသာတော့ ဒီလိုပဲ အံကြိတ်ကြေကွဲခွင့် ရှိတယ် မဟုတ်လား။

သမီးလေး အပေါ် မတရားတဲ့ လူ သုံးမျိုး ရှိတယ်…

၁- သမီးလေးအပေါ်မှာ ရက်ရက်စက်စက် ကျူးလွန်ခဲ့သူ(တွေ)…

၂- ကျူးလွန်မှုကို သိသိနဲ့ ကွယ်ဝှက်ထားသူတွေ…

၃- ကျူးလွန်မှုကနေ ကယ်တင်နိုင်ပါရဲ့နဲ့၊ ကယ်တင်ဖို့ အစွမ်း ရှိပါရဲ့နဲ့ သံသယပွားပြီး မျက်နှာ လွှဲထားသူတွေ…

ပြောပြီးပါပြီ၊ ကိုယ်ချမ်းသာကြောင်း ငတ်ငေါင်းစုတ်ပဲ့၊ နုံနဲ့သော စကားတွေ ဆိုနေတာ မဟုတ်ပါဘူး။ လောကထဲကို ၀င်လာတာ သုံးနှစ်တောင်မှ မရှိသေးတဲ့ကလေး၊ ကိုယ့်ကို ကျူးလွန်တဲ့နေရာကိုတောင်မှ နာမည်တောင် မခေါ်တတ်တဲ့ ကလေးအတွက် ဆောင်ရွက် ပေးနေကြသူတွေကို ဒီကလေးလေး ခုတုံးလုပ်ပြီး မြင့်ရာ လှမ်းမယ်လို့ ထင်နေရင် အဲဒီ စိတ်ကလေး နည်းနည်း လျော့လိုက်ကြစမ်းပါ…

သက္ကမိုညို