ဗစ်တိုးရီးယား အမှုကို စစ်ဆေးနေတဲ့ တရားသူကြီး ဦးညိုဌေး သေဆုံးရသည့် အကြောင်းအရင်း

Victoria အမှုကို၎ ကြိမ်အထိစစ်ဆေးခဲ့သူ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးသည် ဦးဏှောက်သွေးကြောပေါက်ကာ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့ကြောင်း ခရိုင်တရားရုံးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

၎င်းသည် လွန်ခဲ့သည့် ၂ ရက်က ဦးနှောက်သွေးကြောပေါက်ကာ မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတခုသို့ရောက်ရှိကာ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ထိုမှတဆင့် မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ထပ်မံရောက်ရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးညိုဌေးဆေးရုံတက်နေရသဖြင့် ဗစ်တိုးရီးယားအမှု၏ ငါးကြိမ်မြောက်ရုံးချိန်းတွင် ၎င်း၏နေရာ၌တရားသူကြီးဒေါ်သီတာနွယ်က ကြားနာခဲ့သည်။ “သူ့ဇနီးကပြီးခဲ့တဲ့သောကြာကဆုံးသွားတာလေ။

Victoria က (သြဂုတ်၂၈)ဗုဒ္ဓဟူးနေ့မဟုတ်လား။ ရုံးချိန်းရှိတယ်လေ။ အဲဒီရဲ့အရှေ့သောကြာနေ့(သြဂုတ်၂၃ရက်)က သူ့ရဲ့ဇနီးကဆုံးသွားတာ။

သူ့ဇနီးဆုံးပြီးတဲ့နောက်နေ့မှာပဲ သူဆေးရုံတက်လိုက်ရတာ”ဟု Victoria အမှုတွင် တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်ကပြောသည်။

ဦးညိုဌေးအနေဖြင့် မကွယ်လွန်မီက ကျောက်ကပ်ရောဂါခံစားနေရသူတဦးဖြစ်ပြီး ကျန်းမာရေးကြောင့် မကြာခဏ မန္တလေးတွင် ဆေးရုံတက်ကုသမှုခံယူနေရသူဖြစ်သည်။

၎င်းသည် ဗစ်တိုးရီးယားအမှုကိုစီရင်ရာတွင် တရားရုံးအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီရင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများဖြစ်စေချင်နေသည့် တိကျမှန်ကန်သောအခြေအနေတရပ်အား တရားရုံးမှဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

ဒက္ခိဏခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီးဦးညိုဌေး၏ရုပ်ကလပ်ကို ဝက်လက်မြို့နယ်သရက်ချိုကျေးရွာသို့ မဟာမြိုင်လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းထူးခန့်၊ News Watch (လေးစားမှုဖြင့် ခရက်ဒစ်)