ကာကွယ်ရေးဦးစီးချုပ်မှ ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား၂ ဦး အား သက်ညှာပေးရန် မေတ္တာရပ်ခံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား၂ ဦး အား သက်ညှာပေးရန် မေတ္တာရပ်ခံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တွေ့ဆုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား၂ ဦး အား သက်ညှာပေးရန် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး General Prayut Chan-o-cha အား အစိုးရအိမ်တော်၌ သွားရောက် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယကာကွယ်ရေးဝန်ကြီး Gen. Chaichan Changmontol ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri နှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော် မှ အရာရှိကြီးများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေး အန္တရာယ်ရင်ဆိုင် ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊ နှစ်နိုင်ငံပင်လယ်ရေပိုင်နက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး လုပ်ငန်းများအပြင် အခြားစီပွားရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများအား ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများစွာ တူညီသည့် မိတ်ဆွေရင်းခြာနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသလုံခြုံရေးများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ရေပိုင်နက်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ထိုင်းပင်လယ်ကွေ့တွင် ပြုလုပ်လျက်ရှိသည့် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း

ASEAN-US Maritime Exercise (AUMX) တွင် ပါဝင်လေ့ကျင့်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အောက်ခြေအဆင့်အထိ ပူးပေါင်းဆောင်ရွက်ပြီး ထိထိရောက်ရောက် တိုက်ဖျက် သွားရန်လိုကြောင်း၊ ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦး အား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလိုကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ဆောင်က်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#ထိုင်းနိုင်ငံဝန်ကြီးချုပ် #ကာကွယ်ရေးဝန်ကြီ