“သမ္မတရုံး၊ အတိုင်ပင်ခံရုံးနှင့် ….အစိုးရအဖွဲ့ရုံးများကို ဗုံးကျဲစမ်းပါ” ….ဟု ဘူးလက်လှဆွေပြော

“သမ္မတရုံး၊ အတိုင်ပင်ခံရုံးနှင့် အစိုးရအဖွဲ့ရုံးများကို ဗုံးကျဲစမ်းပါ” ဟု ဘူးလက်လှဆွေပြော၊ တပ်ထောက်ခံပွဲများသည် စင်ပြိုင်အစိုးရ ထောက်ခံပွဲပုံစံဖြစ်နေ၍ အရေးယူရန်လိုအပ်လာပြီဟုဆို

ရန်ကုန်၊ ဩဂုတ် ၃ – မြန်မာနိုင်ငံအစိုးရအဖွဲ့ရုံး၊ သမ္မတရုံး၊ အတိုင်ပင်ခံရုံးများကို အမေရိကန်အနေဖြင့် ဗုံးလာကျဲရန် ဘူးလက်ဦးလှဆွေက ပြောဆိုလိုက်သည်။

တပ်မတော်ခေါင်းဆောင်များကို အမေရိကန်ပိတ်ဆို့မှု ရှုတ်ချပွဲကို ဩဂုတ်လ ၃ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ပြုလုပ်စဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံကို အထင်မသေးသင့်ကြောင်း၊ ရှစ်လေးလုံး ကာလ အမေရိကန်စစ်သင်္ဘော မြန်မာ့ရေပိုင်နက်သို့ လာရောက်စဉ်က ဗိုလ်ချုပ်မှူးကြီးစောမောင်က အမေရိကန်သံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ရာ အမေရိကန်သံအမတ်ကြီးက မသိရှိဟု ဗြောင်လိမ်ကြောင်း၊ အမေရိကန်သည် ဗြောင်လိမ်သော နိုင်ငံဖြစ်ကြောင်း ဘူးလက်လှ ဆွေက ပြောသည်။

“ကျနော်တို့ နိုင်ငံကို လာပြီး အထင်မသေးပါနဲ့။ ဗုံးကျဲစမ်းပါ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးတွေ ရုံးတွေ အစိုးရအဖွဲ့ ရုံးတွေအကုန်လုံးသေပါစေ အေးရောမဟုတ်ဘူးလား။ သဘောတူလား။ အမေရိကန်ကိုမကြောက်ပါဘူး။ လာဗုံးကျဲစမ်းပါ အစိုးရအဖွဲ့ကို ဒါကတူတယ် သဘောတူတယ်။ အမေရိကန်နဲ့ ကျွန်တော်တို့နဲ့ ကျွန်တော်သဘောတူတာ ၃ခုရှိပြီနော်။ စကော့မာရှယ်ရဲ့ ပါဖောမန့် ကိုလည်း သဘောတူတယ်။ အမေရိကန်က လာဗုံးကျဲရင်ဝန်ကြီးများရုံးတို့ အစိုးရအဖွဲ့တို့ အတိုင်ပင်ခံရုံးတို့ သမ္မတရုံးတို့ ဗုံးကျဲရင် သဘောမတူဘူးလား။ အသာလေးကြည့်နေလိုက်ပေါ့” ဟု ဘူးလက်လှဆွေ ကဆိုသည်။

အမေရိကန်နှင့်အတူ ပြည်တွင်းပုဆိန်ရိုးများရှိနေသဖြင့် အမြစ်ပြတ်တိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ ဗြောင်လိမ်သော အမေရိကန်ကို အားကျရင်း မြန်မာအစိုးရလည်း ဗြောင်လိမ်သော အစိုးရဖြစ်လာပြီဟုလည်း ၎င်းက ဆိုသည်။

“အမရိကန်ကို ဆန့်ကျင်ရှုတ်ချတဲ့အခါမှာ ပြည်တွင်းပုဆိန်ရိုးတွေ မရှိဘူးလား။ ပြည်တွင်းပုဆိန်ရိုးတွေကို အမေရိကန်နဲ့ ရောပြီး အပြုတ်တိုက်ဖို့ မစဉ်းစားဘူးလား။ စဉ်းစားရမယ်။ အမေရိကန်ကို အားကျရင်းနဲ့ မြန်မာအစိုးရလည်း ဗြောင်လိမ်တဲ့အစိုးရ ဖြစ်လာပြီ” ဟု ဘူးလက်လှဆွေက ပြောသည်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘူးလက်လှဆွေ၏ ပြောဆိုမှုသည် ဥပဒေအရ နိုင်ငံတော်ကို ပုတ်ခတ်စော်ကားမှုဖြစ်ကြောင်း၊ ပုဒ်မ ၅၀၅ (ခ) မြောက်နေပြီဖြစ်ပြီး တပ်မတော်ထောက်ခံပွဲများသည်လည်း တပ်မတော်ကို စင်ပြိုင်အစိုးရသဖွယ် အသွင်သဏ္ဍာန်ဆောင်နေသဖြင့် ဥပဒေအရ ငြိစွန်းနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အဲဒီလိုပွဲတွေက ဥပဒေအမြင်နဲ့ကြည့်ရင် လုံးဝ မလုပ်သင့်မလုပ်အပ် အရေးယူမယ်ဆိုရင် အရေးယူခံရနိုင်တဲ့ဟာတွေ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်က စင်ပြိုင်အစိုးရမဟုတ်တာ။ ခုနက ပြည်ထောင်စု အစိုးရ နိုင်ငံတော်သမ္မတလက်အောက်ရှိနေတဲ့ ယန္တရားတစ်ခုပဲလေ။ နိုင်ငံရဲ့ လုံခြုံရေးကို ယူထားတဲ့ ယန္တရားသက်သက်ပဲ။ သူက သမ္မတထက် မကျော်သလို ရှိနေတဲ့အစိုးရနဲ့လည်း စင်ပြိုင်အစိုးရအဖွဲ့လည်း မဟုတ်ဘူး။ ဒါကို တပ်မတော်ကလည်း သိရမှာ တပ်ချုပ်ကလည်း သိရမှာ။ အခုလုပ်နေတဲ့လူတွေလည်း သိရမှာ” ဟု ဥပဒေအကြံပေး ဦးခင်မောင့်မြင့်က ပြောသည်။

Photo By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ခရက်ဒစ် – Khit Thit Media